မန္တလေး မေ ၁၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အလှူရှင်များက နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် ၁ဝ၂၇၆ ပါးအား ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ၊ နဝကမ္မဝတ္ထုငွေ၊ လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ မဟာဓမ္မိကာရာမတိုက် ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒ အမှူးပြုသော ဆရာတော်၊ သံဃာတော် ၁၀၈ ပါး ကြွရောက်ချီးမြှင့်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ မဟာဓမ္မိကာရာမတိုက် ရတနာပုံကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြသည်။
၄င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်ဓမ္မဂါရဝ ကျောင်းဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသထံမှ အနုမောဒနာ ရေစက်သွန်းချတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီးနောက် ဘုရားအမှူးပြုပြီး ဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူကြသည်။
ယနေ့အခမ်းအနား၌ မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော်များကိုယ်စား ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အမှူးပြုပြီး ဆရာတော်၊သံဃာတော် ၁၀၈ ပါးအား ပင့်ဖိတ်၍ ဆရာတော်၊ သံဃာတော် ၁ဝ၇၂၆ ပါးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများ (စုစုပေါင်း ငွေကျပ် ၂၇၇၅ သိန်းကျော်) လှူဒါန်းခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)