ထားဝယ် မေ ၁၁
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက ထားဝယ်မြို့ ကျက်သရေဆောင်လောကမာရ်ဇိန်ဘုရားကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လောကမာရ်ဇိန်ဘုရားကြီးဝင်းအတွင်း ကိန်းဝပ်စံပယ်တော်မူနေသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ဆီးမီးကပ်လှူပူဇော်ပြီး “ကဆုန်လပြည့်(ဗုဒ္ဓနေ့)” အထိမ်းအမှတ်အဖြစ် အလှူတော်ငွေကျပ်(၅၀၀၀၀၀) အား လှူဒါန်းရာ ဘုရားကြီးဂေါပကအဖွဲ့က လက်ခံရယူသည်။
ထို့နောက်ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို မဟာဗောဓိပင်၌ ကျင်းပရာတာဝန်ရှိသူများက နတ်ပင့်ဂါထာဖြင့် နတ်ဒေဝတာများကို ပင့်ဆောင်ပြီး“မဟာဗောဓိဒုမေ နာထောဂါထာ" ကိုရွတ်ဆို၍ အခမ်းအနားအားဖွင့်လှစ်ပြီး “ကဆုန်လပြည့်ဗုဒ္ဓနေ့”အကြောင်း စာတမ်းအားလည်းကောင်း၊ မဟာဗောဓိပရိဘောဂ စေတီတော်မြတ်အား ညောင်ရေ သွန်းလောင်း ပူဇော်ရန်ဂါထာတော်အား လည်းကောင်းဖတ်ကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက မဟာဗောဓိပင်တော်အား ညောင်ရေသွန်းလောင်းပူဇော်သည်။
ဆက်လက်၍ဝတ်အသင်းအဖွဲ့များက “သွန်းကြသွန်းကြရွှန်းပညောင်ရေ”ကဗျာသုံးပုဒ်ကိုရွတ်ဆို၍ ဆုတောင်းပတ္ထနာ ပြုပူဇော်ပြီး နတ်၊ ဗြဟ္မာ၊နဂါး၊ ဂဠုန်အဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များနှင့် ပရိသတ်အားလုံးတို့က “ဇယန္တောဗောဓိယာမူလေ”စသော ဇယမင်္ဂလာ နှစ်ဂါထာကို သုံးကြိမ်ရွတ်ဆို၍ ဆုတောင်း ပတ္ထနာပြု ပူဇော်ကာ တာဝန်ရှိသူတစ်ဦးက နတ်ပို့ဂါထာဖြင့်နတ်ဒေဝတာများကို ပြန်လည်ပို့ဆောင်ကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုပ်သိမ်းလိုက်သည်။
ထို့နောက် ဒေသခံပြည်သူများက မဟာဗောဓိညောင်ပင်အား ပျှော်ရွှင်အေးချမ်းစွာဖြင့် ညောင်ရေ သွန်းလောင်း ပူဇော်ကြပြီး ရပ်ကွက်နေဒေသခံပြည်သူများက ညောင်ရေသွန်းလောင်း ပူဇော်ပွဲတော် ကို ရပ်ကွက်များအလိုက် ရပ်ကွက်အတွင်း လှည့်လည်ပူဇော်ခံကာ ဘုရားကြီးဝင်းအတွင်း ညောင်ရေသွန်းလောင်ကုသိုလ်ပြုကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဘုရားကြီးဝင်းအတွင်း ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးနေမှုကို လှည့်လည် ကြည့်ရှုအားပေးပြီး ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲတော်သည် နှစ်စဉ်မပျက်ကျင်းပလာခဲ့ သည်မှာ (၈၃)ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)