(၁၃၈၇)ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ မြိတ်မြို့တွင် ကျင်းပ

မြိတ်    မေ    ၁၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် (၁၃၈၇) ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ဘုရားငါးဆူစာသင်တိုက်နှင့် ဘုရားငါးဆူ ဝတ္တကမြေတွင် စိုက်ပျိုးပူဇော်ထားသည့် ဗောဓိညောင်ပင်တွင် ကျင်းပခဲ့ကြသည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့)ပူဇော်ပွဲကို ဘုရားငါးဆူစာသင်တိုက်ဓမ္မာရုံတွင် ဆရာတော် သံဃာတော် အရှင်သူ မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ လာသန  လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြ၍   မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မော်တောင် ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ဗုဒ္ဓနေ့ဒေသနာတော်များကို နာယူမှတ်သားကြ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ပူဇော်ပွဲကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်း ကြသည်။

ယင်းနောက် ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပွဲ ဆက်လက်ကျင်းပရာ အယူတော် မင်္ဂလာဆရာမှ နတ်ပင့်ဂါထာဖြင့် နတ်ဒေဝါများကို ပင့်ဆောင်ခြင်း၊ မဟာဗောဓိ ဒုမေ နာထောဂါထာကို ရွတ်ဆိုခြင်း၊ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်းကို ဖတ်ကြားခြင်းဖြင့် မဟာဗောဓိ ပရိဘောဂစေတီတော်မြတ်အား ညောင်ရေ သွန်းလောင်းပူဇော်ရန် ဂါထာတော်ဖြင့် ဖတ်ကြားပူဇော်သည်။

ဆက်လက်၍ ဗောဓိညောင်ပင်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များက ညောင်ရေသွန်းလောင်းပူဇော်ကြရာ ဝတ်အသင်း အဖွဲ့များက “သွန်းကြ သွန်းကြ ရွှန်းပ ညောင်ရေ ” သုံးပိုဒ်ကို ရွတ်ဆို၍ ဆုတောင်း ပတ္တနာပြုပူ ဇော်ခဲ့ကြပြီး   ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ထို့အတူ မြိတ်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီး ကျောင်းများတွင် ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာဖြင့် ပူဇော်ခြင်း၊ ရေသွန်းလောင်း၍ ပူဇော်ခြင်း၊ စေတီများ၊ ဘုန်းတော်ကြီး ကျောင်းများတွင် စိုက်ပျိုးပူဇော်ထားသော ဗောဓိပင်များ တွင်လည်း ပြည်သူများက ညောင်ရေသွန်းလောင်း ကုသိုလ်ပြု ပူဇော်ကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )