နေပြည်တော် မေ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ပျဉ်းမနားမြို့၊ အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်-၂၂ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းဝင်းအတွင်း တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ယာယီစာသင်ဆောင်များ ဆောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဇွန်လကျောင်းဖွင့်အမီ စာသင်ဆောင်၊ စာသင်ခန်းများ အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ထားရှိရေး၊ ယာယီစာသင်ဆောင်များအား ခိုင်ခံ့မှုရှိအောင် ဆောက်လုပ်ရေးနှင့် စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက် သန့်ရှင်းသာယာရေးအား အလေးထားဆောင်ရွက်ကြရန်လိုကြောင်း တာဝန်ရှိသူများအား မှာကြားကာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်သို့သွားရောက်ပြီး စာသင်တိုက်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများနှင့် ကျောင်းဆောင်အသစ်ပြန်လည်ဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားကာ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပေါက်မြိုင်ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနနာယက အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တဇနိဒ္ဒမထေရ်မြတ်အား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်မြတ်ကြီး ဘုရားဝင်းအတွင်း စုပေါင်းသန်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်-၁၄ အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်-၅ အခြေခံပညာအထက်တန်းကျောင်းများ သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုနှင့် ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ပြုပြင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် ပျက်စီးသည့် အစိတ်အပိုင်းများအား စနစ်တကျ ဖယ်ရှားရှင်းလင်းထားရှိရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရေး၊ လုပ်ငန်းအား အပိုင်းလိုက် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်အတွင်း ပင်မရေပိုက်လိုင်းများနှင့် ရေဖြန့်ဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ချောင်းမကြီးရေလှောင်တမံသို့ သွားရောက်ပြီး တမံပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများ အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီရောက်ရှိအောင် ဆောင်ရွက်ရေး၊ မြေစမ်းသပ်မှုများ စနစ်တကျပြုလုပ်၍ ပြုပြင်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)