ချမ်းအေးသာစံ မေ ၁၁
မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ခံခဲ့ရသည့်နေရာများတွင် ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေး လုပ်ငန်းများအတွက်လိုအပ်သော သံ၊ သံမဏိ၊ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မဖြစ်မနေလိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် အမှန်တကယ်လိုအပ်သူများထံရောင်းချပေးနိုင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းဖြစ်ပါကြောင်း၊ ငလျင်ဒဏ်သင့်နေရာများမှ တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးသွားသည့် လူနေအဆောက်အဦများ အမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်နိုင်ရန်အတွက် ကနဦးအနေဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း၊ အဆောက်အဦ ပြိုကျပျက်စီး သွားသူများအတွက်လည်း ဆက်လက်ရောင်းချပေးသွားမည့် အစီအစဉ်များလည်း ဆောင်ရွက်ထားပါကြောင်း၊ ဈေးနှုန်းသက်သာပြီး အရည်အသွေးမီ အာမခံချက်ရှိသည့်ပစ္စည်များကို လွယ်ကူစွာဝယ်ယူ အသုံးပြု၍ အဆောက်အဦများ မြန်ဆန်စွာဆောက်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်၏မူဝါဒ များအတိုင်း အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဈေးနှုန်းမြှင့်တင်၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းများ မရှိစေရေး ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရောင်းချပေးမှုအစီအစဉ်များ၌ အလေအလွင့် မရှိစေရေး၊ စာရင်းဇယားများ တိကျမှန်ကန်ရေး၊ အဆောက်အဦများမြန်ဆန်စွာ ဆောက်လုပ်သွားနိုင်ရေး၊ လုပ်ငန်းများကြန့်ကြာမှုမရှိစေရန် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဖြည့်စွက်ဆွေးနွေးပြောကြားပြီးနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တက်ရောက်လာသည့်လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးချက်များ၊ ရှင်းလင်းတင်ပြချက်များနှင့် အကြံပြုတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းများကိုရောင်းချပေးရန်လျာထားနေရာများအား သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်