ချမ်းအေးသာစံ မေ ၁၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မေလ(၁၀)ရက်နေ့နံနက်ပိုင်းက မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး အတွင်း၊ အပြင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ သာသနာနှစ် ၂၅၆၈ နှစ်ပြည့်ပြီး ၂၅၆၉ နှစ်သို့ ကူးပြောင်းရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့) မေ ၁၁ ရက်တွင် ကျင်းပမည့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော်များ ကိုယ်စား ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ အမှူးပြုပြီး ဆရာတော်၊ သံဃာတော် ၁၀၈ ပါးအားပင့်ဖိတ်၍ ဆွမ်း၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချအခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝန်ထမ်းများ မိုးမကျမီ အမိုးအကာအောက် နေရာချထားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားသည့် အောင်မြေသာစံမြို့နယ်ရှိ ယခင် ရတနာပုံရေကူးကန်ဝင်းအတွင်း ယာယီပြောင်းရွှေ့နေထိုင်ကြမည့်သူများအတွက် အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန် ယာယီအဆောက်အဦငယ်များ တည်ဆောက်ထားမှု၊ လျှပ်စစ်မီး၊ သောက်သုံးရေးနှင့် Mobile Toilet များ စီစဉ်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်