ကော့သောင်းမြို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲကျင်းပ

ကော့သောင်း  မေ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊‌ ကော့သောင်းခရိုင် ၊ ကော့သောင်းမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လပြည့်နေ့တွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ‌သော ကဆုန်ညောင်ရေသွန်းလောင်းပွဲကို ယနေ့နံနက်(၇)နာရီခန့်က ‌ကော့သောင်းမြို့ပြည်တော် အေးစေတီတော်တွင် ကျင်းပရာ အဆိုပါ‌ညောင်ရေသွန်းလောင်းပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် တက်ရောက်ခဲ့သည်။

ညောင်ရေသွန်းလောင်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဧည့်ပရိသတ်အပေါင်းတို့က ဒေဝါဝင်း၊ ရာဇာဝင်းများခြံရံ၍ ပြည်တော်အေးစေတီတော်အား လက်ယာရစ် (၃)ပတ်လှည့်လည်ပူဇော်ပြီး ပြည်တော်အေးစေတီတော်ရှိ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်း၍ ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပာယ်ပူဇော်ခဲ့ကြသည်။

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ပူဇော်ထိုက်သည့် ဖြစ်စဉ်လေးရပ်ဖြစ်သော အလောင်းတော်သုမေဓာသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောနေ့၊ အလောင်းတော်သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသောနေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့တို့ စုဆုံနေသည့်နေ့ဖြစ်ရာ မြတ်ဗုဒ္ဓနှင့်သက်ဆိုင်သည့် ထူးကဲသောနေ့ဖြစ်သည့်အတွက် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် သတ်မှတ်ပူဇော်ကြခြင်း ဖြစ်သည်။ ဂေါတမဗုဒ္ဓဘုရားရှင်ပွင့်‌တော်မူရာ ဗောဓိပင်သည် ညောင်ပင်ဖြစ်ရာ ဗုဒ္ဓပွင့်တော်မူရာ ‌ဗောဓိပင်များသည် ပရိဘောဂ စေတီထိုက်ခြင်းကြောင့် ပူပြင်းခြောက်သွေ့သည့်ရာသီတွင် ညှိုးရော်လုဆဲဖြစ်နေသည့် ဗောဓိပင်ကို ရေသွန်းလောင်းခြင်းအားဖြင့်ဘုရားရှင်ကို အာရုံပြု ကြည်ညိုကာ ကုသိုလ်စိတ်များဖြင့် ညောင်‌ရေသွန်းလောင်းပူဇော်ကြခြင်းဖြစ်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)