ကျောက်ဆည် မြို့နယ်တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူများအတွက် ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည် မေ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီ)အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက ထောက်ပံ့‌ငွေများပေးအပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိသူ အိမ်ထောင်စု (၄၃၇)စုမှ လူဦးရေ(၁၆၆၉)ဦးအတွက် တစ်ဦးလျင်ငွေကျပ်(၄)သောင်းနှုန်းဖြင့် ငွေ (၆,၆၇၆၀,၀၀၀)ကျပ်အား မြို့နယ်ထောက်ပံ့ရေးအဖွဲ့များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များမှတဆင့် ရပ်ကွက်/ကျေးရွာထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်နေရပ်စွန့်ခွာစာရင်းပြုစုရေးအဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ယာယီနေရပ်စွန့်ခွာနေထိုင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)