ပူတာအို မေ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12) ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အမှတ်ပေးစည်းမျဉ်းနှင့်အညီ စနစ်တကျဖြေဆိုတတ်စေရန်အတွက် ဘာသာရပ်အလိုက်ဆွေးနွေးပို့ချခြင်းကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ ဘာသာရပ်အလိုက် နေရာ(၃) နေရာတွင် ဆွေးနွေးပို့ချသည်။
ဘာသာရပ်အလိုက်ဆွေးနွေးပို့ချရာတွင် မြစ်ကြီးတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာမြင့်ခိုင်ဦးဆောင်သော ပါမောက္ခများက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားလာစေရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်ဓာတ်ခွန်အားပိုမိုထက်သန်လာစေရန်ရည်ရွယ်၍ ဘာသာရပ်အလိုက်ဆွေးနွေးပို့ချခြင်းဖြစ်ပြီး အဆိုပါဘာသာရပ်အလိုက်ဆွေးနွေးပို့ချခြင်းကို မေလ(၉)ရက်မှ (၁၅)ရက်နေ့အထိ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆွေးပို့ချသွားမည့်အပြင် မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခများက ဘာသာရပ်အလိုက်ပြ ဆရာ/မများနှင့်လည်း အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဘာသာရပ်အလိုက်ဆွေးနွေးပို့ချရာသို့ အ.ထ.က(ပူတာအို) အောင်ဆန်းခန်းမတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၄၆)ဦး၊ ဖုန်ကန်ရာဇီခန်းမတွင် (၂၈၉)ဦး၊ အ.ထ.က(လေယာဉ်ကွင်း)တွင် (၁၀၇)ဦး စာမေးပွဲဖြေဆိုရန်စာရင်းရှိ (၆၄၇)ဦးအနက် (၆၄၂)ဦး တက်ရောက်ကြောင်း သိရသည်။
ပူတာအိုခရိုင်အတွင်းရှိ စာစစ်ဌာန(၃)ခုအား ပူတာအိုစာစစ်ဌာန အ.ထ.က(ပူတာအို)တွင်လည်းကောင်း၊ မချမ်းဘောစာစစ်ဌာနအား အ.ထ.က(လေယာဉ်ကွင်း)တွင် လည်းကောင်း၊ နောင်မွန်စာစစ်ဌာနအား အ.ထ.က(ဒုတ္ထန်)တွင်လည်းကောင်း Camp သွင်းလေ့ကျင့်ပေးလျက်ရှိရာ အဆိုပါ Camp ဝင် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/မ စုစုပေါင်း(၇၆၁)ဦး စခန်းသွင်းလေ့ကျင့်နေစဉ်အတွင်း စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပထမအကြိမ်ပံ့ပိုးငွေကျပ်သိန်း(၁,၀၀၀/-)၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အလှူရှင်များက ပထမအကြိမ်အနေဖြင့် ဆန်၂၄ ပြည်အိတ် ၅၁ အိတ်နှင့် ဆီ(၇၅)ပိဿာပံ့ပိုးရရှိထားကြောင်း ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်ထံမှသိရသည်။
ဖုန်ကန်(ပူတာအို)