မန္တလေးငလျင်ကြောင့် ပျက်စီးသွားသည့် အိမ်ထောင်စုဇယား၊ နိုင်ငံသားစီစစ်ရေးကတ်များနှင့် UID ကတ်များအခမဲ့  ကွင်းဆင်းဆောင်ရွက်

အမရပူရ မေ ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးမှ ငလျင်ဒဏ်သင့်ပြည်သူများ၏ ပျောက်ဆုံး၊ ပျက်စီးသွားသော အိမ်ထောင်စုဇယားများနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ၊ နံပါတ်ဆယ်လုံးပါ UID ကတ်များကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ကြောင်လျာကျေးရွာ၊ ရတနာဂူအောက်နန်းရှိကြောင်လျာ ငလျင်ရှောင်ယာယီစခန်းတွင် ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ပေးခဲ့သည်။  

အဆိုပါ မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုဇယား ၂၀ ခု၊ နိုင်ငံသားစီစစ်ရေးကတ်ပြား ၃၆ နှင့် နံပါတ်ဆယ်လုံးပါ UID ကတ် ၅၇ ခုတို့ကို တိုက်နယ်မှူး ဒုတိယလဝကမှူး ဦးချမ်းအေးမိုး ဦးဆောင်သောအဖွဲ့မှ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝက ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ (အမရ)