နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ပျော်ဘွယ်မြို့နယ်မှ ငလျင်ဘေးအန္တရာယ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံအားပေး

ပျော်ဘွယ် မေ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် ပျော်ဘွယ်မြို့နယ်မှ မန္တလေးမြေငလျင်ဘေးအန္တရာယ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောခြင်းကို မေလ (၉) ရက်၊ မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဒုတိယအကြိမ်ပြန်လည်ဖြေဆိုရမည် ဖြစ်သော်လည်း စိတ်အားငယ်မှုမဖြစ်စေရေး၊ သင်ခန်းစာများကို စနစ်တကျကျက်မှတ်တတ်စေရေး၊ ယခုအချိန်တွင်ဆရာ၊ ဆရာမများ၏သင်ကြား ပို့ချမှုများကို ကောင်းစွာလေ့ကျင့်သင်ကြားနိုင်ရေးတို့ ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်း သူများအတွက် ဆန်နှင့်စားသောက်ကုန်များကို ပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)