မဟာအောင်မြေ မေ ၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့်ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှုများ ပိုမိုထိရောက်စေရန်အတွက် မဟာအောင်မြေမြို့နယ်ရှိ အ.ထ.က (၃)၊ အ.ထ.က (၁၃) နှင့် အ.ထ.က (၂၄) ကျောင်း၌ ဆရာ/ ဆရာမများက လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
မဟာအောင်မြေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ငလျင်ဒဏ်ကြောင့် အိုးအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း အ.ထ.က (၁၃) ကျောင်းဝန်း၌ ဧပြီလ (၂၈) ရက်နေ့မှစ၍ Camp (စခန်းသွင်း) ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် သင်ထောက်ကူပစ္စည်းများအတွက် တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ အနီးကပ်ကြီးကြပ် ကူညီပံ့ပိုးပေးထားကြောင်း သိရှိရသည်။
မဟာအောင်မြေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဖြေဆိုသူ (၁၀၅၃) ဦး ဖြေဆိုခဲ့ပြီး ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရန်အတွက် ပြန်လည်သင်ကြားရေးတွင် မေလ (၉) ရက်နေ့အထိ စာရင်းအရ (၈၆၅) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ဇော်မင်း