မြိတ် မေ ၈
“လူသားချင်းစာနာထောက်ထား တို့ကြက်ခြေနီများ” (၂၀၂၅)ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်ဖြင့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ယနေ့နံနက်(၉)နာရီခွဲကကျင်းပခဲ့ပြီး လူမှုကရုဏာလုပ်ငန်း၌ စွမ်းစွမ်းတမံဆောင်ရွက်နေသူများနှင့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ မတ်လ(၂၈)ရက်နေ့တွင် အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးသွားရသူများနှင့် ပျက်စီးဆုံးရှုံးခဲ့မှုများအတွက် ဝမ်းနည်းကြောင်း အထိမ်း အမှတ်အဖြစ် အခမ်းအနားတက်ရောက်လာကြသူများက မတ်တပ်ရပ်၍ တစ်မိနစ် ငြိမ်သက်ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က ကမ္ဘာ့ကြက်ခြေနီနေ့ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်ထံမှ ပေးပို့သော သဝဏ်လွှာအား မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုဥက္ကဋ္ဌ ဦးမျိုးအောင်က ဖတ်ကြားခဲ့သည်။
ယင်းနောက် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း(သာမန်)အဆင့် သင်တန်း၊ ကြက်ခြေနီအထွေထွေဗဟုသုတပြိုင်ပွဲ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လိုက်နာရမည့် ကျင့်ဝတ်အပါး (၅ဝ)ပြိုင်ပွဲ၊ နှစ်ယောက်တွဲ ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိသူများ၊ မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်ထားသော အခမဲ့ ဆေးကုခန်းတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့သည့် ဆရာဝန်များနှင့် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)