အောင်မြေသာစံ မေ ၈
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စခန်းသွင်း သင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ်ပါမောက္ခ ဆရာ/ဆရာမများနှင့် အခြေခံပညာ ဆရာ/ဆရာမများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို တွေ့ဆုံအားပေးသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ငလျင်ဘေးဒဏ်သည် မည်သူမျှ မျှော်လင့်မထားသည့် သဘာဝဘေးအန္တရာယ်ကြီး တစ်ခုဖြစ်ပါကြောင်း၊ ယင်းအခြေအနေမှရုန်းထပြီး စာသင်ခန်းထဲသို့ ရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်နှင့် ယုံကြည်ချက်၊ မိဘများ၏ ဖေးမအားပေးမှု၊ ဆရာဆရာမများ၏ အားကြိုးမာန်တက်သင်ပြသွန်သင်မှုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ၏ စနစ်တကျ စီမံဆောင်ရွက်ပေးမှုတို့ကို အသိအမှတ်ပြု ချီးကျူးပါကြောင်း၊ ယင်းကဲ့သို့ စိတ်ဓာတ်များဖြင့် ကြုံတွေ့လာရသည့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် Grade -12 စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုပြီးမြောက်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းပြည်နှင့်လူမျိုး၊ အမျိုးဘာသာသာသနာအတွက် အကျိုးပြုမည့် အနာဂတ်ခေါင်းဆောင်ငယ်များဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား၊ကျောင်းသူများ စိတ်ချမ်းမြေ့စွာ နေထိုင်သင်ကြားလေ့ကျင့်နိုင်ရေး၊ စားသောက်ရေးနှင့်ကျန်းမာရေးကို ဂရုပြုဆောင်ရွက်ရေး၊ ကျောင်းသား/ကျောင်းသူများ ရာနှုန်းပြည့်စခန်းသွင်းဝင်ရောက်ရေး၊ဆရာ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက စနစ်တကျ ကြီးကြပ်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် စာမေးပွဲ ပြန်လည်ဖြေဆိုမည့်သူ ၉၄ ရာခိုင်နှုန်းအထိရှိသည်ကို သိရပြီး ကျန်ရှိသည့် ၆ ရာခိုင်နှုန်းကိုလည်း စာမေးပွဲဖြေဆိုနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
အဆိုပါ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၆၁၆)ဦးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)