ကြံခင်း မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်၏ သားကောင်းရတနာများအဖြစ် ပေါ်ထွန်းလာစေရေးအတွက် ကျောင်းစာအပြင် အသိပညာဗဟုသုတရရှိစေမည့် စာအုပ်များ ဖတ်စေရှုလေ့နိုင်စေရန်၊ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်ကာ ဗလငါးတန်နှင့်ပြည့်စုံသည့်သူများ ဖြစ်ကြစေရန်အတွက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းများပြုလုပ် ပေးခြင်း၊ ကာယဥာဏ ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အသီးသီးဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ အသိပညာပေး ဟောပြောပွဲများနှင့် သင်တန်းများကို စဉ်ဆက်မပျက် ဝိုင်းဝန်းကူညီပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ ရသ စာအုပ်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)