ဂျိုကျေးရွာ၌တောင်သူနည်းပညာပေးဆွေးနွေးပွဲပြုလုပ်

အမရပူရ မေ ၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ဂျိုကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးမျိုးလှိုင်မှ တောင်သူများအားငလျင်ကြောင့် စိုက်ပျိုးမြေများပြောင်းလဲမှုအခြေအနေ၊ စိုက်ပျိုးမှုနည်းစနစ်၊ မျိုးစေ့ရွေးချယ်မှုနှင့် ရာသီဥတုပြောင်းလဲမှုခံနိုင်သည့် မျိုးစေ့များရွေးချယ်စိုက်ပျိုးနိုင်ရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မဟာအောင်မြေခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားတာဝန်ခံဒေါ်ယဥ်မိုးအေးက သီးနှံအလိုက်ကျတတ်သည့် ပိုးမွှားအကြောင်း၊ ပိုးမွှားကျရောက်မှု၊ကြိုတင်ကာကွယ်ရေးနှင့် စိုက်ပျိုးရေးဆေးနှင့်ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲနိုင်ရေးနည်းလမ်းများကိုလည်းကောင်း မျိုးစေ့တာဝန်ခံ ဒေါ်နှင်းဖြူအေး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆွေးနွေးတိုင်ပင်ရွေးချယ်စိုက်ပျိုးနိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသော တောင်သူများမှသိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မဟာအောင်မြေခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများနှင့်ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)