လယ်ဝေး မေ ၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို မေလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီက အင်တိုင်းသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်များ၊ နေပြည်တော်သာသနာရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့် မြို့နယ်သာသနာရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်က ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်းများအား ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဂိုဏ်ပေါင်းစုံ မြို့နယ်အသီးသီး၊ ကျောင်းတိုက်အသီးသီးတို့မှ လှူဒါန်းငွေကျပ် ၄၂၈၅၂၀၀၀ လှူဒါန်းမှုအား ရှင်းလင်းမိန့်ကြားခဲ့သည်။
ထို့နောက် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်ကြီးများကတစ်ဆင့် ပေးအပ်လှူဒါန်းရာ လုံးဝပြိုကျပျက်စီးသည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလျှင် အလှူငွေကျပ် ခြောက်သိန်းနှစ်ထောင်စီဖြင့် ဘုန်းတော်ကြီးကျောင်း ၂၆ ကျောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် ဘုန်းတော်ကြီးကျောင်းများအား တစ်ကျောင်းလျှင် အလှူငွေကျပ် သုံးသိန်းလေးသောင်းစီဖြင့် ကျောင်းပေါင်း ၈၀ တို့အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)