မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာအဆောက်အဦများအား လိုက်လံကြည့်ရှု

ချမ်းအေးသာစံ မေ ၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မေလ(၆)ရက်နေ့က တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် တိုင်းဒေသကြီးစီမံကိန်းဦးစီးဌာနသို့ သွားရောက်ပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ရုံးများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝန်ထမ်းများအား ရင်းနှီးစွာနှုတ်ဆက်ပြီး ညွှန်ကြားရေးမှူးများက မန္တလေးငလျင်ကြီးကြောင့် ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများ ထိခိုက်ပျက်စီးခဲ့မှု၊ ဝန်ထမ်းများဘေးအန္တရာယ်ကင်းရှင်းသည့် နေရာများသို့ ပြောင်းရွှေ့ပြီး ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ဆောင်ရွက်နေမှု၊ သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့က ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများအား ကြည့်ရှု စစ်ဆေးပြီးစီးမှုများနှင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်အသုံးပြု၍ ရသည့်အဆောက်အဦများကို ပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင်လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ရုံးလုပ်ငန်းများ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နိုင်ရန်အတွက် လိုအပ်ပါက ယာယီအဆောက်အအုံများ တည်ဆောက်ပေးသွားရန် စီစဉ်ထားပါကြောင်း၊ လိုအပ်သည်များကိုအချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်းပြောကြားပြီး ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်