ကျွန်းစု မေ ၆
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) မေလ(၁၁)ရက်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မြို့ဦးသံသရာအေးစေတီတော်၌ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့သည်။
ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခုဖြစ်ပြီး ထိုနေ့သည် ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသည်။ ဘုရားအဖြစ်သို့ ရောက်တော်မူသည်။ ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။ ဗုဒ္ဓဘုရားရှင်နှင့်စပ်လျဉ်း၍ အမှတ်တရနေ့ထူးနေ့မြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ် ဖြစ်သည့်အတွက် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပင့်သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းအမျိုးမျိုးတို့ကို လှူဒါန်းနိုင်ရေး၊ သံသရာအေးမြို့ဦးစေတီတော် ကုန်းပေါ်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ရေး၊ တက်ရောက်လာသော ဧည့်ပရိတ်သတ်များအား အကျွေးအမွေးအစီအစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)