ရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူလျက်ရှိရာ မေလအတွင်းရွှေ သင်္ကန်းကပ် လှူခြင်းပြီးစီးတော့မည်

ညောင်ဦး  မေ  ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီးတို့တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းအား အပိုင်းလေးပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၈ နာရီအချိန်က စတုတ္ထပိုင်းလုပ်ငန်းဖြစ်သည့် ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းစတင်လုပ်ကိုင်လျက်ရှိရာ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်း စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊နတ်မုခ်(၄)ခု၊နတ်လှေကား(၄)စင်း၊ ခြင်္သေ့ကြီး (၄)စီး၊ ကြာသွပ်အိုး(၈)အိုးတို့အား ရွှေသင်္ကန်းကပ်လှူရေး ဦးစီးကော်မတီဝင်များ တက်ရောက် ရွှေသင်္ကန်းကပ်လှူပူဇော်ကြသည်။ အဆိုပါ ရွှေသင်္ကန်းကပ်လှူပူဇော်ရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင် အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြကြောင်း သိရပြီးရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းမကြာ မီပြီးမြောက်တော့မည်ဖြစ်ကြောင်း သိရသည်။                                                                 

ဒီပါလင်း