မိတ္ထီလာ မေ ၆
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သော မိတ္ထီလာမြို့ ရန်ကုန်-မန္တလေးကားလမ်းပိုင်းနေရာ(မိတ္ထီလာတောင်ကန်ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်နေမှု လုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကန်ပေါင် မြေပြိုကျခြင်းနှင့် အက်ကြောင်းဖြစ်ပေါ်ခြင်းအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကိုဆောင်ရွက်သည့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေး စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထိန်က လုပ်ငန်းဆောင်ရွက်အခြေအနေများမှာ ပယ်မြေဖယ်ရှားခြင်းလုပ်ငန်း၊ Sand & Gravel Mixture ခင်းခြင်းလုပ်ငန်း၊ ကန်ပေါင်မြေဖို့ခြင်းလုပ်ငန်းနှင့် ရေစစ်ရိုးကျောက်စီခြင်းလုပ်ငန်းများ ၉၉ရာခိုင်းနှုန်းဆောင်ရွက်ပြီးစီးကြောင်းကိုလည်းကောင်း၊ လမ်းပိုင်းတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သည့် ယုဇနကုမ္ပဏီမှတာဝန်ရှိသူက ကန်ပေါင်တွင်ပြန်လည်တည်ဆောက်မည့်လမ်းလွှာဒီဇိုင်း ပတ်သက်၍ ယခင်အသုံးပြုခဲ့ လမ်းလွှာဒီဇိုင်းဟောင်းထက် တမံအပေါ်အားသက်ရောက်မှုညီညာပျံ့နှံ့ပြီး သက်သာစေသော လမ်းလွှာဒီဇိုင်းဖြစ်ပါကြောင်း၊ ယခုပြန်လည်တည်ဆာက်မည့်လမ်းပိုင်းကို ကျောက်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်ပြီး မိုးရာသီကုန်ချိန်တွင် နိုင်လွန်ကတ္တရာခင်းခြင်း ဆက်လက်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ လမ်းတည်ဆောက်ရေးလုပ်ငန်းတွင် သွားလာဆက်သွယ်မှုအဆင်ပြေစေရန်အတွက် လမ်းတစ်ခြမ်းပိတ်၍ လုပ်ငန်းများဆောင်ရွက်ကာ ကျန်တစ်ခြမ်းတွင် လုပ်ငန်းသုံးမော်တော်ယာဉ်များသွား လာနိုင်ရန်ဖွင့်ထားပါကြောင်း စသည့် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရန်ကုန်-မန္တလေးကား လမ်းပိုင်းနေရာ( မိတ္ထီလာတောင်ကန်ကန်ပေါင်) ပြိုကျပျက်စီးမှု ပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများအဆင်ပြေချောမွေ့စွာအမြန်ဆုံးပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။
ချမ်းသာ