ကျောက်ဆည် မေ ၆
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် ရပ်ကွက်၊ ကျေးရွာများတွင် ဆေးထိုးစုရပ်များခွဲပြီး အပတ်စဉ်နေ့ရက်များသတ်မှတ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးများကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထား သော အသက်အရွယ်တွင်ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များအတွက် အဆုတ်ရောင်ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာ ချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်း၊တိုက်ကျွေးခြင်းများကို မြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများကအဖွဲ့ခွဲ၍ မြေပြင်ကွင်းဆင်း ကာရပ်ကွက်၊ကျေးရွာများရှိစုရပ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)