ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ၍ ဂုဏ်ပြုဆုများချီးမြှင့်

ကျောက်ပန်းတောင်း မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေလ(၅)ရက်နေ့နံနက် ၇ နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ မီးသတ်ဦးစီးဌာနရုံးအပေါ်ထပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားမစတင်မီ ၂၀၂၅ ခုနှစ်၊ မတ်လ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့် အချိန်တွင် ပြင်းအား ၇ ဒဿမ ၇ ရစ်(ချ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးသွားသူများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တက်ရောက်လာသူအားလုံးက မတ်တပ်ရပ်၍ တစ်မိနစ် ငြိမ်သက်ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုအမှာစကားပြောကြားပြီး၊ မီးသတ်ဦးစီးဌာနအပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်သက်ပြည့် အငြိမ်းစားဝန်ထမ်းများ၊ မီးသတ်ယာဉ်များပြုပြင်ရန် လှူဒါန်းခဲ့ကြသူများနှင့် အိမ်ထောင်သည် လိုင်းခန်း အကောင်းဆုံး ဆုရရှိကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုလက်မှတ်များနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ယင်းနောက် မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဃာတော်အရှိသူမြတ်(၅)ပါး အား ပင့်ဖိတ်၍ နေ့ဆွမ်းဆက်ကပ်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ နာကြားခဲ့ကြကာ၊ ညနေပိုင်းတွင် တပ်ဖွဲ့နေ့အထိမ်းအမှတ် ပျော်ရွှင်ပွဲအဖြစ် ဝန်ထမ်းများနှင့် ဗလာမပါ ကံစမ်းမဲနှိုက်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် မီသားစုဝင်များ၊ အရန်မီးသတ်ဖွဲ့ဝင်များ စုစုပေါင်း(၅၆)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)