လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းအမှတ်စဉ် (၆/၂၀၂၅)သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် မေ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ် (၆/၂၀၂၅)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သုခစိုးဟိုတယ်၌ ကျင်းပရာ ညွှန်ကြားရေးမှူး ဦးဇော်လင်း၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

ရှေးဦးစွာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက စိုက်ပျိုးထွက်ကုန်များ အထွက်နှုန်းတိုးတက်ရေးကို ဟန့်တားစေသော ဖျက်ပိုးမွှားများကို ကာကွယ်နှိမ်နင်းရာမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများ၏ တာဝန်တစ်ရပ်ဖြစ်ကြောင်း၊ မဖြစ်မနေသုံးစွဲရမည့် ပိုးသတ်ဆေးများသည်လည်း အရေးကြီးသော သွင်းအားစုတစ်ရပ်ဖြစ်ပြီး ယင်းကဲ့သို့ ပိုးသတ်ဆေးများသည် အခြားသွင်းအားစုများနှင့်မတူပဲ လူနှင့် ပတ်ဝန်းကျင်ကို အဆိပ်ရှိပစ္စည်းများဖြစ်သဖြင့် ကိုင်တွယ်/ရောင်းဝယ်ဖောက်ကားသည့်အခါတွင် ဥပဒေနှင့်အညီလိုက်နာပြီး စနစ်တကျ သုံးစွဲစေလိုကြောင်း၊ ပိုးသတ်ဆေးကို အမြဲထိတွေ့ကိုင်တွယ်နေရသော တောင်သူများ၊ ပိုးသတ်ဆေးရောင်းချသူများ၊ ပိုးသတ်ဆေးကုမ္ပဏီမှ ဝန်ထမ်းများအား ပိုးသတ်ဆေးကို အန္တရာယ်ကင်းရှင်းစွာ အသုံးချနိုင်ရေးနှင့် ပိုးသတ်ဆေးဥပဒေနှင့်အညီ ရောင်းချနိုင်စေရေးအတွက် လက်မှတ်ရ ပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အချက်အလက်များအား ရှင်းလင်းပြောကြားဆွေးနွေးခဲ့သည်။

အဆိုပါ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ်(၆/၂၀၂၅)သင်တန်းကို မေလ ၅  ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)