နေပြည်တော် မေ ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ရသေ့တောင်ကျေးရွာရှိ တိုးတက်မုန့်ဖတ်ခြောက်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ထုတ်လုပ်ရောင်းချနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက စိုက်ပျိုး၊ မွေးမြူရေး ထွက်ကုန်များကို အခြေခံပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး၊ အရည်အသွေးမြင့် ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်တွင်းသာမက၊ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး၊ အရည်အသွေးနှင့် ထုတ်ပိုးမှု ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ကြောင်ရေကျေးရွာအဝင်ရှိ မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသည့် တံတားအားသွားရောက်ကြည့်ရှုစစ်ဆေးပြီး တံတားအမြန်ဆုံးပြုပြင်နိုင်ရေးနှင့် ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် မရှိစေရေးအတွက် သတိပေးဆိုင်းဘုတ်များဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ သပြေပင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ လယ်ဝေးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်သူများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ၊ ကျောင်းအိပ်၊ ကျောင်းစား ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ သင်ကြားလေ့ကျင့်နိုင်ရေး အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများမှ စနစ်တကျကြီးကြပ်ဖြည့်စည်း ဆောင်ရွက်ပေးရေး တို့ကိုမှာကြားပြီး ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် စားသောက်စရိတ်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့အတွင်း ငလျင်ဘေး ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများအား စက်ယန္တရားများဖြင့် ဖယ်ရှား ရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈၂၆)ရှိ တောင်သူ ဒေါ်သင်းသင်းခိုင်၏ နွေစပါးစိုက်ခင်းအား သဘာဝမြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာများ ပတ်ဖျန်းနေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများအတွက် သရုပ်ပြဆောင်ရွက်ထားသည့် သဘာဝမြေဆွေးပုံများနှင့် တီကောင် မွေးမြူရေးကန်များအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး၊ သီးထပ်ရာခိုင်နှုန်းတိုးမြင့် စိုက်ပျိုးနိုင်ရေး မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများဖြစ်သော ဥစားကြက်နှင့် ဆိတ်၊ နွားများကို ခြံလှောင်စနစ်ဖြင့် တိုးချဲ့မွေးမြူနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သဇင်(၅)အဆောင်များအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)