မိုးညှင်း မေ ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများမှ (Face to Face) ပြန်လည်ပို့ချပေးခြင်းနှင့် Grade -12 သင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘကော်မတီဝင်များအား ယနေ့နံနက်ပိုင်းက အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် တာဝန်ရှိသူများမှ တွေ့ဆုံဆွေးနွေးကြကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဇွန်လ(၁၆)ရက်တွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား အောင်ချက်မြင့်မားရေးအတွက် မိုးညှင်းတက္ကသိုလ်ရှိ သက်ဆိုင်ရာဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများက (Face to Face) မေလ(၂)ရက်မှ (၄)ရက်ထိ သုံးရက်ကြာ ပြန်လည်ဆွေးနွေးပို့ချလျက်ရှိရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာသင်ကြားလျက်ရှိသည်။ အဆိုပါ ဆွေးနွေးပို့ချနေမှုအခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မိုးညှင်းတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် စခန်းသွင်းလေ့ကျင့်မည့် ကျောင်းသား၊ ကျောင်းသူများအား အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် အောင်ချက်မြင့်မားနိုင်ရေးတို့အတွက် Grade -12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးကြရာ ၎င်းဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း