ရမည်းသင်း မေ ၄
ငလျင်ဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့လှအုပ်စု သီးကုန်းကျေးရွာ သာသနာ့ဗိမာန်နှင့် ပျော်ဘွယ်မြို့နယ် ယင်းတော်(မြို့မ)၊ ဘုန်းကြီးကျောင်းတို့တွင် ဆောင်ရွက်ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားပြင်းငလျင်သက်ရောက်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများ၊ နေအိမ်များပြိုလဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ခံစားခဲ့ရသော မြို့နယ်များရှိ ပြည်သူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် လူမှု ဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသော လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးခြင်းဆောင်ရွက်မည့် အဖွဲ့ဝင်များသည် ဧပြီ ၂၅ ရက်နေ့မှစတင်၍ တိုင်းဒေသကြီးအတွင်း ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မြို့နယ်များသို့ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူးမှကြီးကြပ်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)