နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေပေးဝေ‌နေမှုနှင့် နွေစပါးစိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၊ တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား

နေပြည်တော် မေ ၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီဝင်များ၊ တာဝန်ရှိသူများ လိုက်ပါလျက် တပ်ကုန်းမြို့နယ် ဆင်သေရေလွှဲဆည်သို့ သွားရောက်ပြီး ရေလွှဲဆည်ပြန်လည်ပြုပြင်နေမှုနှင့် လက်ဝဲမြောင်းမကြီးမှ နွေစပါး၊ နွေသီးနှံများအား စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆောင်းသီးနှံ၊ နွေသီးနှံများအတွက် ရေလိုအပ်မှု အခြေအနေများကို စိစစ်ပြီး စိုက်ပျိုးရေ တိုးမြှင့်ပေးဝေနိုင်ရေး စီမံဆောင်ရွက်ရန်၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်ရာခိုင်နှုန်း တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်သော မျိုးကောင်း၊ မျိုးသန့်များအား ရွေးချယ်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့ပြီး ထိုမှတစ်ဆင့် တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ ဆင်သေရေလွှဲဆည် လက်ဝဲမြောင်းမကြီး၊ လက်တံ(၅)မှ  ရေးပေးဝေမှုနှင့်နွေးစပါးစိုက်ပျိုးထားမှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် တပ်ကုန်း မြို့နယ်၊ မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်းလေ့ကျင့် သင်ကြားနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ်  ကျောင်းအိပ်၊ ကျောင်းစားနေထိုင်မှုနှင့်ပတ်သက်၍ လိုအပ်သည်များပြည့်စုံစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ဆရာ၊ ဆရာမများနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက စနစ်တကျ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို မှာကြားခဲ့ပြီး စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ များနှင့် စားသောက်စရိတ်များ ပေးအပ်ခဲ့သည်။

ယင်းနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့၊ ဘုရားနီဆုတောင်းပြည့် ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ ကျောင်းတိုက်အတွင်း ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် နေရာများအား ကြည့်ရှုခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့၊ ဘုရင့်နောင်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ စခန်းသွင်း လေ့ကျင့်သင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် စားသောက်စရိတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)