ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချမ်းအေးသာစံ မေ ၄

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် မန္တလေးမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် မြတ်ဗုဒ္ဓ၏ဗျာဒိတ်ခံ၊ ဖွား၊ ပွင့်၊ စံ သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်အခါသမယတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အလှူရှင်များက သာသနာနှစ် ၂၅၆၈ နှစ်ပြည့်ပြီး ၂၅၆၉ နှစ်သို့ ကူးပြောင်းရောက်ရှိမှု အထိမ်းအမှတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားများဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၊ ၂၀၂၅ ခုနှစ် မေလ ၁၁ ရက် နေ့ထူးနေ့မြတ်အခါသမယတွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်က မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် ၁၀၂၇၂ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူခဲ့ပါကြောင်း၊ ယခုနှစ်တွင် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော်  ၁၀၂၇၆ ပါးတို့အား လောင်းလှူသွားရန် စီမံထားသော်လည်း မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သောအင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့မှုကြောင့် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော်များကိုယ်စား  ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အမှူးပြုပြီး ဆရာတော်၊ သံဃာတော် ၁၀၈ ပါးအား ပင့်ဖိတ်၍ ဆွမ်း ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချ အခမ်းအနားဖြင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မန္တလေးမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များ အပါအဝင် စာသင်တိုက်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများရှိ ဆရာတော်၊ သံဃာတော်များအား ဆွမ်း၊ ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီများက တာဝန်ယူထားသည့် ကဏ္ဍများအလိုက် လုပ်ငန်းများလစ်ဟင်းမှုမရှိစေရေး အချင်းချင်းချိတ်ဆက် ပေါင်းစပ်ကာ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များက တာဝန်ယူထားသည့် ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်သွားမည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်