ပုဗ္ဗသီရိမြို့နယ်တွင် ငလျင်ဘေးသင့် ပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် မေ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့သည့်ပြည်သူများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ်၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်မှ အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပုဗ္ဗသီရိမြို့နယ်အတွင်း သဘာဝဘေး(ငလျင်)ကြောင့် သေဆုံးသွားသူများအား တစ်ဦးလျှင် သုံးသိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ၄၉ ဦးအတွက် ထောက်ပံ့ငွေ ၁၄၄ သိန်း ပေးသွားမည်ဖြစ်ပါကြောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်း လာရောက်နေထိုင်ကြသော တိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက်လည်း ဖေဖော်ဝါရီလနှင့် မတ်လအတွက် တစ်ဦးလျှင် လေးသောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အစရှိသည်များကို အမှာစကား ပြောကြားခဲ့ပါသည်။

ယင်းနောက် ငလျင်ဘေးကြောင့် အသက်ဆုံးရှုံးခဲ့သည့်ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၄၄ သိန်း (ကျပ်တစ်ရာလေးဆယ်လေးသိန်း)နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူ (၁၆၃၀) ဦးအတွက် ထောက်ပံ့ငွေကျပ် ၆၅၂ သိန်း (ကျပ်ခြောက်ရာငါးဆယ်နှစ်သိန်း) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ပါသည်။

နန်းရွှေရတီ (ပုဗ္ဗသီရိ)