ဇေယျာသီရိခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးမှ ပုဗ္ဗသီရိမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြား

ပုဗ္ဗသီရိ မေ ၂

၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဝင်ရောက်ဖြေဆိုကြမည့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စခန်းသွင်းလေ့ကျင့်သင်ကြားပေးမည့် အခြေခံပညာကျောင်းများနှင့် သင်ခန်းစာပို့ချနေမှုကို ယမန်နေ့ နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ဇေယျာသီရိခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ကျည်တောင်ကန်)၊ အမှတ် (၂၀) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ရာနှုန်းပြည့် စခန်းသွင်းလေ့ကျင့်သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျောင်းသား၊ ကျောင်းသူများ သင်ကြားမည့် စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် သင်ခန်းစာပို့ချနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

နန်းရွှေရတီ(ပုဗ္ဗသီရိ)