မိတ္ထီလာမြို့နယ် မုန်ပင်ဆည်စံပြကျေးရွာ၌ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဂုဏ်ပြုပူဇော်ပွဲနှင့် ဝိဇာတမွေးနေ့မင်္ဂလာပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ မေ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်ပင်ဆည်စံပြကျေးရွာ၌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဂုဏ်ပြုပူဇော်ပွဲနှင့် သက်တော် ၈၄ နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မုန်ပင်ဆည်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုအခမ်းအနားတွင် ဦးစွာ မိတ္ထီလာမြို့ အသောကာရုံရေလည်ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာဘာဝတ၊ မုန်ပင်ဆည်ကျောင်းတိုက် (ဘုန်းတော်ကြီးသင်ပညာကျောင်း) ဦးစီးပဓာနနာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိနယ၊ ပင့်သံဃာတော်များနှင့် တပည့်ဒါယကာဒါယိကာမများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရစ္ဇျယ်ကြသည်။

ထို့နောက် မုန်ပင်ဆည်ကျောင်းတိုက် (ဘုန်းတော်ကြီးသင်ပညာကျောင်း) ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိနယထံမှ ငါးပါးသီလတရားတော်များကို ခံယူဆောက်တည်ကြပြီး ဆရာတော်ထံသို့ နိုင်ငံတော်မှဆက်ကပ် လှူဒါန်းခဲ့သော မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အား ခရိုင်သာသနာရေးဦးစီးမှူး ဦးစိုင်းထွန်းလွင်ဦးက ထပ်ဆင့် ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကြွရောက်လာကြသော ပင့်သံဃာတော်များထံသို့  လှူဖွယ် ဝတ္ထုပစ္စည်းများကို အလှူရှင်မိသားစုများက ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် အသောကာရုံ ရေလည်ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တလာဘာဝတထံမှ ရေစက်ချတရားတော်များကို နာယူခဲ့ကြကြောင်း သိရသည်။  

ချမ်းသာ