လိပ်သို ဧပြီ ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ချက်ပြုတ်စားသောက်၍လည်းရ၊ ဆေးဖက်လည်းဝင်သည့် ကင်ပွန်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစု ထိန်းသိမ်းထားလျက်ရှိကြောင်း သိရသည်။
ကင်ပွန်းချဉ်ပင် စိုက်ပျိုးရာတွင် အစေ့ကိုပျိုး၍လည်းကောင်း၊ ကိုင်းကူး၍လည်းကောင်း စိုက်ပျိုးနိုင်ကြောင်း၊ ကင်ပွန်းချဉ်ရွက်များကို ချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ ငါးပိ၊ ငါးခြောက်တို့နှင့် ကြော်စား၍လည်းကောင်း နှစ်ခြိုက်စွာ ပြုလုပ်စားသုံးကြကြောင်း၊ ကင်ပွန်းသီးများကို ဆားရည်စိမ်၍ အစိမ်းသုပ်စားနိုင်သလို ကင်ပွန်းသီးခြောက်များကို ပြုတ်၍ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။
ကင်ပွန်းချဉ်ပင်များမှာ စိုက်ပျိုးရလွယ်ကူပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ခူးယူ စားသုံးနိုင်သော အပင်ဖြစ်ကာ ကျန်းမာရေးဆေးဖက်ဝင်သောကြောင့် ဒေသခံများအနေဖြင့် မိမိတို့၏ နေအိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးပြုစုထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)