ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကာသိပ္ပံကျောင်း မြေနေရာ အပါအဝင် တိုးချဲ့ကွက်သစ်မြေ ဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေကာတာနှင့် ရေတားတမံတည်ဆောက်ရေး အတွက် အလှူငွေများ ပေး

မြစ်ကြီးနား   ဧပြီ ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများ အပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် တိုးချဲ့ကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အဆိုပါ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေဧရိယာအတွင်း မြေနေရာကွက်သစ်များ ထုတ်ဖော်သတ်မှတ်၍ အားကစားသိပ္ပံအဝင်လမ်း၊ ကုန်တင်ယာဉ်ရပ်နားစခန်း ပတ်လမ်း၊ ဌာနဆိုင်ရာမြေနေရာ ပတ်လမ်း များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဌာနဆိုင်ရာမြေနေရာများအပြင် ကျန်ရှိသည့်ကွင်း အမှတ် ၂၈၂ ၊ မြေဧက ၃၄ ဧကပေါ်တွင် တိုးချဲ့ကွက်သစ်မြေနေရာအတွက် စက်ယန္တရားများဖြင့် မြေပြင်အခြေအနေအား ရှင်းလင်းပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။

ထို့နောက် ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်းရရှိရေးအတွက် သတ်မှတ်အကျယ်အဝန်းနှင့် ကိုက်ညီသည့်မြေနေရာကို ယနေ့ နန်းကွေ့ချောင်းအနောက်ဘက်ရှိ ယခုမြေနေရာအား လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေးချယ်သတ်မှတ် ခဲ့ပါကြောင်း၊ ထို့အပြင် တိုးချဲ့ကွက်သစ်မြေနေရာအတွက် မြေကွက်များစနစ်တကျထုတ်ဖော်နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ စနစ်တကျဖော်ထုတ်နိုင်ရေးလိုအပ်သည်များ ပြည့်စုံအောင် ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် သုံးသပ်အကြုံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါမြေဧရိယာများ မြေညှိခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အကွက်ချပုံစံများ ပြန်လည်သတ်မှတ်သွားမည့် အစီအစဉ်များနှင့် အကွက်ချပုံစံအတွင်း ကြားလမ်းများ၊ ရေ‌ကျော်တံတားများ ဖောက်လုပ်သွားမည့် အစီအစဉ်များ၊ သောက်သုံးရေရရှိရေး မြေအောက်‌ရေနှင့် စိမ့်စမ်းရေမှ တစ်ဆင့်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ မူလရှိသည့် ရေဆင်းနေရာများတွင် စနစ်တကျ ကျောက်စီရေနှုတ်မြောင်းတူးဖော် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေ ဝင်ရောက် ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး ရေကာတာ၊ ရေတားတမံများ တည်ဆောက်နိုင်ရေးအတွက် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှအလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့သည်ဧရာ ဝတီမြစ်ကမ်းဘေးတွင် တည်ရှိပြီးမြစ်ကမ်းတစ်လျှောက် အထက်ဘက် ကရိန်နော်မှ အောက်ဘက် ပမ္မတီးအထိ အလျား (၁၈)မိုင် ထိစပ်လျှက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် (၆ ဒဿမ ၇၆)ပေ ကျော်လွန်ရောက်ရှိခဲ့သဖြင့် မြို့‌ရေကြီးရေလျှံမှုဖြစ် ပေါ်ခဲ့ပြီး ဘီလီယံများစွာ ဆုံးရှုံးခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေကာတာ၊ ရေထိန်းတမံ၊ ရေထိန်းတံခါးများနှင့် ရေလျှံတားနံရံများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် စ၍ စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထို့အပြင် စီတာပူတံတားမှ မြို့နယ်စည်ပင်ဆိပ်ကမ်းအထိ အလျား ၅၉၁၇ ပေအား ရေလျှံတားအုတ်ရိုးစီကာခြင်းကို အများပြည်သူထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်လျက်ရှီပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူများမှ ယခုလို မြို့ကာကွယ်ရေးအတွက် အင်တိုက် အားတိုက်ပူးပေါင်းပါဝင်မှုကို ဝမ်းမြောက်ဂုဏ်ယူမှတ်တမ်းတင်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက မြို့ရေကြီးရေလျှံမှုမှ ကာကွယ်နိုင် ရေးအတွက် J2A အထည်ချုပ်စက်ရုံမှ ငွေကျပ်သိန်း (၅၀၀)၊ Royal M one ကုမ္ပဏီမှ ငွေကျပ်သိန်း (၃၀၀)၊ ယူနန်ဘုံကျောင်းမှ ငွေကျပ်သိန်း (၃၀၀)၊ ထိန်ချုံးဟုန်ရွှင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၅၀)၊ ရတနာတက်ချန်းဟော်တယ်ပိုင်ရှင် ဦးလောဆန်းက ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်း (၅၀)၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ငွေကျပ်သိန်း (၂၀)နှင့် မြစ်ကြီးနားတက္ကသိုလ် ပထဝီဌာနမှ ဒေါက်တာအေးအေးချစ်က ငွေကျပ် (၂)သိန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း (၁၂၂၂)သိန်း ပေးအပ်လှူဒါန်းမှုကို လက်ခံရယူ ခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တစ်ဆက်တစ်စပ်တည်း ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် ယူနန်ဘုံ‌ကျောင်းမှ ငွေကျပ်သိန်း (၅၀၀)၊ ထိန်ချုံးဟုန်ရွှင်ကုမ္ပဏီမှ ငွေကျပ်သိန်း (၁၀၀)၊ ရေနံကြီး ကြပ်နှင့် စက်သုံးဆီရောင်းဝယ်ရေးမှ ငွေကျပ်သိန်း (၃၀)၊ ဦးလောဆန်းမှ ငွေကျပ်သိန်း (၅၀)တို့ကို ဆက်လက်ပေးအပ်လှူဒါန်းမှုကို လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်