စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေး

စဉ့်ကိုင် ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူပေါင်း၍ စာရေးဆရာတိုက်ကြည်(စဉ့်ကိုင်) ရေးသားသည့် " သမိုင်းဂုဏ်ဟိတ်မြို့ပလိပ်" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက "ပလိပ်ဒေသနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကိုက "မြို့ပုဂံရွာပလိပ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့ဝင် ဦးထွန်းမြင့်က "ပလိပ်နယ်မြေနှင့်စာဆိုရှင်"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်စန်း (အဖွဲ့ဝင်)က "သမိုင်းဝင်ကျော်ကြားပလိပ်နယ်မြေတလွှား" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် (Book Club) အဖွဲ့ဝင်များကလည်း စာအုပ်တွင် ပါဝင်သည့် အခန့်ကဏ္ဍများအလိုက် မိမိတို့၏ အတွေးအမြင် ရသများအား အသီးသီး ပါ၀င်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)(၃၉၉)