မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်

ချမ်းအေးသာစံ ဧပြီ ၂

မန္တလေးငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူများ၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် လတ်တလောစားသောက်ရေးအဆင်ပြေစေရန် (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ) တစ်လစာအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ဧပြီလ(၂၈)နေ့နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်းမိုးလုံလေလုံခန်း၌ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိ သူများ၊ သေဆုံးသူများ၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား မစတင်မီ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့် တွင် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် အသက်ဆုံးရှုံးခဲ့မှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်၍ ဦးညွတ်ဂါရဝပြုခဲ့ကြသည်။

၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် သေဆုံးသူများအတွက် ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် နိုင်ငံတော်မှ လတ်တလောစားသောက်ရေးအဆင်ပြေစေရန် (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ) တစ်လစာအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားဖြစ်ပါကြောင်း၊ ထောက်ပံ့ပေးအပ်မှုတွင်သေဆုံးသူ တစ်ဦးလျှင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ကျပ် (၁၀)သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်(၅)သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျပ်(၃)သိန်း၊ စုစုပေါင်း ကျပ် (၁၈)သိန်းနှင့် လတ်တလောစားသောက်ရေး အဆင်ပြေစေရန် (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ) တစ်လစာအတွက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေအိမ်ပျက်စီးသွားသူများအတွက် ပျက်စီးဆုံးရှုံးမှုများကိုစိစစ်ပြီး ထောက်ပံ့ပေးနိုင်ရေးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။  

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့က တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၈ သိန်းဖြင့် သေဆုံးသူ (၂၁၅၂ )ဦး အတွက်စုစုပေါင်း (၃,၈၇၃,၆၀၀,၀၀၀)ကျပ်နှင့် နနိုင်ငံတောမှ မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဘေးသင့်သူ (၁၃၇၀၈၁)ဦးအတွက် လတ်တလောစားသောက်ရေးအဆင်ပြေစေရန် (ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ) ၁ လစာအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၇,၂၅၉,၉၇၉,၀၀၀)ကျပ်အား တက်ရောက်လာသည့် မိသားစုဝင်များနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်