လိပ်သို ဧပြီ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများအနေဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်းရှိ စိုက်ပျိုးမြေများကို အလဟသမဖြစ်စေရန်၊ မီးဖိုချောင်စားရိတ် သက်သာစေရန်အတွက် အိမ်ခြံဝင်းအတွင်း စားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။
ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းနှင့် မြေလွတ်နေရာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းချဉ်၊ ငရုတ်၊ ဘူး၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ပဲအမျိုးမျိုး၊ ဂေါ်ရခါး စသည့် ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးထားကြကြောင်း၊ သဘာဝမြေဩဇာကိုသာ အသုံးပြု၍ စိုက်ပျိုးထားသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သလို လတ်ဆတ်စွာ စားသုံးနိုင်ကြောင်း စားဖိုဆောင်သီးနှံစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
လိပ်သိုဒေသရှိ တောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပြီး ဆောင်းရာသီနှင့် နွေရာသီကာလ ဝင်ငွေရှားပါးချိန်တွင် မိသားစု အထောက်အကူပြုစေရန်အတွက် စားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ်