နမ့်စန်မြို့မစည်ပင်သာယာဈေးအနီး တစ်လမ်းမောင်းစနစ် အသုံးပြုသွားလာရေးနှင့် ယဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများ မဖြစ်ပွားစေရေး ကွင်းဆင်းအသိပညာပေး

မ့်စန်(တ) ဧပြီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့မစည်ပင်သာယာဈေးနှင့် အနီးပတ်ဝန်းကျင်မီးဘေးလုံခြုံရေးအတွက် လိုအပ်ပါက မီးသတ်ကားများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးနှင့် ယာဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများ မဖြစ်ပွားဘဲ ပြည်သူများ အဆင်ပြေချောမွေ့စွာ ဈေးရောင်းဈေးဝယ်သွားလာနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၉ နာရီက မြို့လယ်မီးပွိုင့်လမ်းဆုံမှစတင်၍ ဈေးလမ်းမကြီးတလျှောက် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်း ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇေယျာဟန်၊ အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူး ကျော်တေဇနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့လယ်မီးပွိုင့်မှ ဈေးလမ်းမကြီးအတွင်း တစ်လမ်းမောင်းစနစ် မောင်းနှင်ရန်ညွှန်ကြားထားပြီးဖြစ်၍ ယာဉ်မောင်းနှင်သူများ လိုက်နာဆောင်ရွက်ရေး၊ ဈေးလမ်းမကြီးဘေးဆိုင်ပိုင်ရှင်များနှင့် ပျံကျဈေးသည်များအနေဖြင့် သတ်မှတ်ဧရိယာအတွင်းသာ ဆိုင်ခင်းဈေးရောင်းချရေးနှင့် လမ်းနယ်နိမိတ်မကျူးကျော်ရေး ၊ ဈေးအနီးယာဉ်များ စည်းကမ်းမဲ့ရပ်နားမှုမရှိစေရေးနှင့် သတ်မှတ်ယာဉ်အပ်နှံသည့်နေရာများတွင် အပ်နှံရေး၊ ဆိုင်ကယ်Taxi များ သတ်မှတ်နေရာများတွင် စနစ်တကျ ရပ်ရေး၊ မြိုမဈေးအတွင်း ဆိုင်ကယ်များ စီးနင်းဝင်ရောက်ခြင်းမရှိစေရေးနှင့် မြို့မဈေးမီးဘေးလုံခြုံရေးနှင့် သက်ဆိုင်သည်များကို ကွင်းဆင်းကြည့်ရှု၍ ပညာပေးပြောကြားခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေးအတွက် မီးသတ်ကားများ အလွယ်တကူ ဝင်ထွက်သွားလာနိုင်ရေးနှင့် ယာဉ်ပိတ်ဆို့မှုလမ်းပိတ်ဆို့မှုများမဖြစ်ပွားဘဲ အများပြည်သူအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ညွှန်ကြားမှုများအား လိုက်နာခြင်း ရှိ/မရှိကို နေ့စဉ်ပူးပေါင်းအဖွဲ့စုံဖြင့် ရှောင်တခင်စစ်ဆေးသွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသူများကို သက်ဆိုင်ရာဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)