နမ့်စန်(တ) ဧပြီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက မိုးရွာသွန်းမှုနှင့်အတူ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နမ့်လစ်ကျေးရွာအုပ်စု၊ တွံတီးကျေးရွာနှင့် မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်ဆွယ်ကျေးရွာတို့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် တွံတီးကျေးရွာရှိ လူနေအိမ်(၂၃)လုံး၊ နမ့်ဆွယ်ကျေးရွာရှိ လူနေအိမ်(၇)လုံးနှင့် ဘုန်းကြီးကျောင်း မီးဖိုဆောင်(၁)လုံး၊ စုစုပေါင်းအဆောက်အဦ (၃၁)လုံး အမိုးလန်၍ ခန့်မှန်းကာလတန်ဖိုး(၁၁၃၂၈၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုဖြစ်ပွားရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတို့တွင် သွားရောက်၍ ကျေးရွာသူ ကျေးရွာသားများနှင့်အတူ အပျက်အစီးရှင်းလင်းရေးနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)