ငါန်းဇွန်မြို့တွင် (၄၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ အောင်ပွဲအခမ်းအနား ကျင်းပ

ငါန်းဇွန် ဧပြီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၊ ရွှေရပ်သာမြတ်စွာဘုရားဝန်းအတွင်းရှိ ပဋ္ဌာန်းဟောရွှေကျောင်းတော်ကြီး၌ မြန်မာနှစ်ဆန်း(၁)ရက်နေ့မှစ၍ (၁၁)ရက်တိုင်တိုင် (၄၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ပူဇော်ပွဲကျင်းပခဲ့ရာ ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး သီရိမင်္ဂလာကျောင်း ဆရာတော် ဘဒ္ဒန္တဝါသေက သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားအား ရှိခိုးပူဇော်သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖြစ်မြောက်ရေး အကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများသည် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံ သီလခံယူဆောက်တည်ကြပြီး ဆရာတော်များအား စာရေးတံမဲဖောက် လှူဒါန်းပူဇော်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော် ဘဒ္ဒန္တပညာနန္ဒက အနုမောဒနာဂါထာတော် ရွတ်ဖတ်ပူဇော်ပြီး ဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနရပတိထံ လှူဒါန်းမှုအစုစုကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ခိုနန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယဝံသက နတ်ဗြဟ္မာများအားပြန်ပို့ရန် ဂါထာတော် ရွတ်ဖတ်ပူဇော်ပြီး သဲဖြူပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဥတ္တမက အောင်ဂါထာတော် ရွတ်ဖတ်ပူဇော်ခဲ့သည်။

ထို့နောက် နာယကဆရာတော် (၄) ပါးနှင့် ဘာဏကဆရာတော် (၃၉) ပါးတို့အား သံဃဒါန ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်၍ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)