ရန်ကုန် ဧပြီ ၂၈
သန်လျင်ခရိုင်၊ သန်လျင်မြို့ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီအရှေ့ဘက် အရုဏ်ခံတန်ဆောင်းတော်ကြီးအား စေတီတော်မြတ်သြဝါဒါစရိယ မြို့ဦးစက်ပစ်ကွင်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇဦးဆောင်၍ အလှူရှင်များ စုပေါင်းပြုပြင်ပြီးစီးသော တန်ဆောင်းတော်ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် စေတီတော်ရင်ပြင်သုဒ္ဓိယုဝတန်ဆောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအားဘုရားကန်တော့၍ ဖွင့်လှစ်ပြီး စေတီတော်သြဝါဒါစရိယ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာစန္ဒိမာဘိဝံသထံမှ ဧည့်ပရိတ်သတ်များက သီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ကြသည်။ ဆက်လက်၍ သန်လျင်တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးကြည်နှင့် အလှူရှင်များက ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်၊ ထို့နောက် လှူဒါန်းမှုအစုစုအတွက် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အနုမောဒနာရေစက်ချတရားနာယူကြသည်။
အဆိုပါအရှေ့ဘက် အရုဏ်ခံတန်ဆောင်းတော်ကြီးအား နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာစန္ဒိမာဘိဝံသအားအမှုးထား၍ မြို့ဦးစက်ပစ်ကွင်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇ ဦးဆောင်ပြီး အလှူရှင်များက ကျပ်သိန်း (၁၅၃၃၄၀၀၀၀) အကုန်အကျခံပြုပြင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားအပြီးတွင် ကျိုက်ခေါက်စေတီတော်ဝန်ထမ်း(၁၃၀)ဦးတို့အား မြို့ဦးစက်ပစ်ကွင်းကျောင်းဆရာတော်ကြီးက ဆန်ငါးပြည်၊ ဆီတစ်ပိသာ၊ အလှူရှင် ဦးအောင်အောင်ဖြိုး+ဒေါ်နွယ်နီထွန်း (သမီး) ဆုနဒီထွန်း မိသားစုက ကျပ်တစ်သောင်းစီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)