ရေစီးရေလာကောင်းမွန်စေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက တာမွေမြို့နယ်နှင့် ဒဂုံမြို့နယ်များသို့ သွားရောက်၍ ရေစီးရေလာကောင်းမွန်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် တာမွေမြို့နယ်၊ အာသောကလမ်း သန့်ရှင်းသပ်ရပ်ရေးနှင့် နတ်ချောင်းရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းနှင့် အလုံလမ်းထောင့်ရှိ တည်ဆောက်ဆဲ GRAND GOLDEN VIEW TOWER-III လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဦးစားပေးဆောင်ရွက်ရန်တို့ကို မှာကြားကာလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အောင်မြင့် (ပြန်/ဆက်)