ပြည်ကြီးမဏ္ဍိုင် ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများဖြစ်သည့် အရွယ်မတိုင်မီကလေးအလုပ် သမားဘဝသို့မရောက်စေရန်အတွက် မိဘများမှ သတိထားရမည့်အချက်များ၊ ငယ်ရွယ်စဉ်ဘဝတွင် ပညာရေးကို ဦးစားပေးသင့်သည့် အခြေအနေများ၊ မိဘနှင့်သားသမီးကြား ဆက်ဆံရေးအကြောင်းအရာများ၊ ကလေးငယ်များ လမ်းမှန်ပေါ်ရောက်ရှိစေရန် ထိန်းကျောင်းပေးရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ကလေးငယ်များမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ထို့နောက် ကလေးငယ်များအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တက်သည့်အလေ့အကျင့်များ ရရှိစေရန်၊ အသိဉာဏ်ပညာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့်လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်၊ စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ ဒိုးဇက်ဆက်ခြင်းပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဂုဏ်ပြုလက်ဆောင်များပေးပြီး အာဟာရမုန့်များ ဝေပေးခဲ့ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)