တောင်ကြီး ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ ယမန်နေ့ နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သင်တန်းသားများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုပြီး တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၂) ဦးအား သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများက စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား ကြိုဆိုဂုဏ်ပြုစကား ပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့်အတူ လက်ဖက်ရည်သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)