နမ့်စန်မြို့တွင် လေကြောင်းလူငယ်အခြေခံသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲ ကျင်းပ

နမ့်စန်()  ဧပြီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) (နမ့်စန်သင်တန်းစခန်း)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နမ့်စန်တပ်နယ်ခန်းမတွင် ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကိုနှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက သင်တန်း ဖွင့် မိန့်ခွန်းပြောကြား၍ သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကိုက လက်ခံရယူခဲ့သည်။

ထို့နောက် ဌာနေပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများနှင့် အလှူရှင်များက သင်တန်းအတွက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခဲ့ရာ သင်တန်းတာဝန်ခံများက လက်ခံရယူခဲ့ကြသည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်ထောက်ကူပစ္စည်းများ လိုက်လံကြည့်ရှုကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းကို (၁)လကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု နယ်မြေအတွင်းရှိ မြို့နယ်များမှ သင်တန်းသား (၂၇)ဦး၊ သင်တန်းသူ (၂၇)ဦး၊ စုစုပေါင်း (၅၄) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)