တောင်ကြီး ဧပြီ ၂၂
မန္တလေးငလျင်ဒဏ်ကြီးကြောင့် အင်းလေးဒေသ ငလျင်ဘေးသင့်ခဲ့သောဒေသများ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရန် ဧပြီလ (၁၉) ရက်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ငလျင်ဒဏ်သင့်သည်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းချက်များ တွေ့ရှိရသည့်အတွက် မြေပြင်ကွင်းဆင်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ပေးထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အင်းလေးဒေသ ငလျင်ဘေးသင့်ခဲ့သော ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ လုပ်ငန်းကဏ္ဍ အလိုက်ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧပြီလ(၂၀)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ဟော်တယ်ဇုန်လှေဆိပ်တွင် အင်းလေးဒေသ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် အသုံးပြုဆောင်ရွက်မည့် စက်ကိရိယာပစ္စည်းများ၊ အဆောက်အဦ ဆောက်လုပ်မည့်သစ်၊ ဝါးပစ္စည်းများ၊ SheetPile ရိုက်မည့်ပစ္စည်းများ၊ ငလျင်ဒဏ်သင့်ကျေးရွာများသို့ သောက်သုံးရန်ရေသန့် ဖြန့်ဝေပေးနေမှုများ၊ ထောက်ပံ့မည့်ပစ္စည်းများအားလှည့်လည် ကြည့်ရှုကြကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ရွေမြို့နယ်၊ နန်းပန်မြို့ရပ်ကွက်(၁) ကြာတောကျေးရွာ မန္တလေးငလျင်ဒဏ်ကြီးကြောင့် ငလျင်ဒဏ်သင့်ပြည်သူများကို သွားရောက် တွေ့ဆုံ၍ အားပေးစကားပြောကြားရာ ဒေသခံပြည်သူများကလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်အားလုံးက ဝိုင်းဝန်ပူးပေါင်း ပါဝင်ကြိုးစားပေးကြရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကလည်းကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ငလျင်ဒဏ်သင့်ခဲ့သော အင်းလေးဖောင်တော်ဦး ဘုရားကိုလည်းနိုင်ငံတော်က ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနေသလို ရှမ်းပြည်နယ်အစိုးရအဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် သီတင်းကျွတ်လ အချိန်မှီ အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်စွာဘုရားများ ဒေသစာရီကြွချီနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများအမြန် ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းများအချောသတ် မပြီးပါက ယာယီအဆောင်များ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးက ဝိုင်းဝန်းကြိုးစား ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ငလျင်ဒဏ်သင့်ကြာတောကျေးရွာ ပြည်သူများကို စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယာယီစာသင်ကျောင်း တည်ဆောက်မည့်နေရာအား ကြည့်ရှု၍ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာရှိရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမြန်ဆုံးပြီးနိုင်ရန်အတွက် အရွယ်ရောက်သူများမှ ဝိုင်းဝန်းပူးပေါင်းလုပ်အားပေး ဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေးငလျင်ဒဏ်ကြီးကြောင့် အင်းလေး ဖောင်တော်ဦးဘုရား ငလျင်ဒဏ်သင့်ခဲ့သောကြောင့် ပြန်လည်ထူရေးလုပ်ငန်းများ ဆောင်ရွက်မည့် ဘုရားရင်ပြင်ပတ်လည်အနီး SheetPile ရိုက်မည့်နေရာများ၊ ရင်ပြင်တော် ကျောက်ပြားခွာနေမှုများ၊ ပင်မကျောင်းဆောင်ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုများ၊ လျှပ်စစ်မီးတိုင်များ ပြုပြင်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမိုင်ကွေ့-နောင်ထလီ-ညိုမီး-နောင်ပနားဗွာ-လင်းကွင်း-ထီရီး(မွေးမြူရေးဇုန်)-ရွှေညောင်လမ်းဆောင်ရွက်ပြီးစီးသွားမှုနှင့် တွဲကားကြီးများ သွားလာနေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်က အကွေ့ကြီးအတက်လမ်းနေရာများတွင် ဖြေညှိပေးနိုင်ရန်နှင့် မိုးတွင်းကာလလမ်းချော်ခြင်း၊ လမ်းပျက်ခြင်းလမ်းများ တိမ်းစောင်းခြင်း မဖြစ်အောင် ဆောင်ရွက်ပေးကြရန်မှာကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)