ကျွန်းစု ဧပြီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ မျိုးဆက်သစ်လူငယ် မောင်မယ်များကို နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိ ပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၅) ကို ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ တနင်္သာရီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီး ကျော်ထက်က အဖွင့်အမှာစကား ပြောကြားခဲ့၍ သင်တန်းသားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သင်တန်းကို ဧပြီလ (၂၂) ရက်နေ့မှ မေလ (၁၇) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံစစ်ရေးပြ၊ အခြေခံရေကူး၊ ရေကြောင်းဝေါဟာရများအကြောင်း၊ ရေတိုင်းကြိုး အမျိုးအစားများ၊ ကြိုးအသုံးပြုပုံများ၊ ရေယာဉ်မောင်းနှင်မှု ဆိုင်ရာများ၊ ရေကြောင်းလမ်းညွှန် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အချက်ပြဆက်သွယ်ရေး၊ မြန်မာ့လက်ရိုက်အလံအချက်ပြ မူတည်ဥပဒေသများ၊ အခြေခံလှေ လှော်ခတ်နည်းစနစ်များ၊ ရွက်လွှင့်ပုံအဆင့်ဆင့်များ စသည့်တို့ကို သင်တန်းနည်းပြ (၁၂)ဦးက သင်တန်းသား(၂၉)ဦး၊ သင်တန်းသူ(၂၃)ဦး၊ စုစုပေါင်း (၅၂) ဦးအား စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)