မန္တလေး ဧပြီ ၁၈
မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားတွင် မြန်မာနှစ်ဆန်း ၁ ရက် မင်္ဂလာအခါတော်နေ့ နှစ်သစ်ကူးအန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း၊ ပရိတ်ကြီး ၁၁ သုတ် မဟာသမယသုတ်နှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရားတွင် ကျင်းပသည်။
အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြပြီး နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။
၎င်းနောက် ဆရာတော်များမှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာရွတ်ဖတ်၍ ဘုရားပင့်ခြင်း၊ သီလခံယူဆောက်တည်ခြင်း၊ ဆရာတော်၊ သံဃာတော်များအား နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲသို့ ပရိတ်တရားတော်များ နာယူရန်အတွက် နတ်ဗြဟ္မာများအား ပင့်ဖိတ်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်ကြီး စတင်ရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာန်းအမွှန်းအား ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော်တို့က ပဋ္ဌာန်းပစ္စယယုဒ္ဒေသပါဠိတော်အား စုပေါင်းရွတ်ဖတ်၍ အလှည့်ကျပဋ္ဌာန်းအာဏက သံဃာတော်မှ ပဋ္ဌာန်းဒေသနာတော်ကြီးအား စတင်ရွတ်ဖတ်ပူဇော်ခြင်းများကို အစီအစဉ်အတိုင်းဆောင်ရွက်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါအသံမစဲရွတ်ဖတ်ပူဇော်ခြင်းများကို ဧပြီ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်းတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲ (၅) ရက်၊ ပရိတ်ကြီး (၁၁) သုတ် ရွတ်ဖတ်ပူဇော်ပွဲ (၂) ရက်၊ မဟာသမယသုတ် (၂) ရက်၊ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ (၂) ရက် စုစုပေါင်း (၁၁) ရက်တိုင်တိုင် ရွတ်ဖက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း