နေပြည်တော် ဧပြီ ၁၁
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိနေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုးသည် ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်သို့ရောက်ရှိပြီး မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံတကာနှင့်ပြည်တွင်းမှလှူဒါန်းသည့် ပစ္စည်းများရောက်ရှိနေမှုကိုကြည့်ရှုစစ်ဆေးခဲ့ပြီး ပစ္စည်းများစနစ်တကျထားရှိရန်နှင့် အချိန်မီဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် ပျဉ်းမနားမြို့၊ ဈေးကုန်းဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညိုကာ ဆန်နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးဆက်လက်၍ ပျဉ်းမနားမြို့ ဗိုလ်ချုပ်လမ်းတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများအား တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးဦးထုပ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)