ကျောက်ဆည် မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်၊ နေလသုခဗိမာန်(ဗြဟ္မဝိဟာရ) လေးထပ်ဆောင်၌ ယနေ့မွန်လွဲ(၁)နာရီက သာသနာတော်သန့်ရှင်းရေးနှင့် တည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။
ယနေ့ပြုလုပ်သည့် အစိုးရဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကကဏ်ဘာသာရပ်တွင် သံဃာ(၂၈)ပါးဝင်ရောက် ဖြေဆိုခဲ့ပြီး စာမေးပွဲမတ်မတ်လ(၂၅)ရက်နေ့ကစတင်၍ ဧပြီ(၂)ရက်နေ့အထိ ပါရာဇိကကဏ် ကျမ်းရင်း(၂)၊ သီလက္ခန္ဓဝဂ္ဂပါဠိ အဌကထာကျမ်းရင်း(၁)၊ သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာကျမ်းရင်း(၂)၊ ဓမ္မသိင်္ဂဏီပါဠိအဌကထာ ကျမ်းရင်း(၂)၊ မြန်မာဂုဏ်ထူးတန်းတွင် ပါစိတျာပါဠိအဌကထာ၊ သုတ်မဟာဝါ၊ သုတ်ပါထိကပါဠိအဌကထာ၊ မဇ္စျိမနိကာယပါဠိအဌကထာ၊ သံယုတ္တနိကာယပါဠိအဌကထာ၊ ဝိဘင်္ဂါဒိပါဠိအဌကထာ၊ ပဋသမ္ဘိဒါမဂ္ဂပါဠိအဌကထာ၊ ပါဠိဂုဏ်ထူးတန်းတွင် ပါစိတျာဒိပါဠိအဌကထာ(၁)/(၂)၊ သုတ်မဟာဝါ၊ သုတ်ပါထိကပါဠိအဌကထာ(၁)/(၂)၊ ဝိဘင်္ဂါဒိပါဠိ အဌကထာ(၁)/(၂) ကျမ်းစာများ ဆက်လက်ဖြေဆိုသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာ့ဦးစီးဌာနမှ သိရသည်။
အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသော သံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေး ကျောက်ဆည်မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီစာသင်တိုက်ပဓာနနာယက ဘဒ္ဒန္တပညာသာမိ (မဟာဂန္တဝါစကပဏ္ဍိတ)နှင့် သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ မြို့မိမြို့ဖများ၊ စေတနာရှင်ပြည်သူများက လိုအပ်မှုမရှိရေး ကုသိုလ်ပြုလျက်ရှိကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)